စံပယ်ရွာသူလေးနဲ့ မဆီမဆိုင်

 

စံပယ်ရွာသူလေးနဲ့ မဆီမဆိုင်


ဘယ်လမ်းလို့အတိအကျမပြောတော့ဘူး။ ဒါပေမဲ့ အဲဒီလမ်းထဲမှာ ချစ်သူရှိတယ်။ သူမဟာ လည်ဂုတ်လောက်မရှည့်တရှည်ဆံပင်လေးယမ်းပြီး ကျွန်တော်နဲ့စကားတစ်ခွန်းမှ မပြောခဲ့ဖူးဘဲ နာမည်လည်း မသိရဘဲ ကျွန်တော်က ချစ်မိတယ်တဲ့။ ရှက်စရာပဲ။ လက်ဖက်ရည်ဆိုင်က အကြွေးလည်းမရှင်းရသေးဘူး။ ခလုတ်က တိုက်မိပြန်ပြီ။ မင်းရဲ့ရင်ခုန်သံကို ပြန်ဆွဲနှုတ်။ နောက်ပြီး မေတ္တာသုတ်ပဲရွတ်နေ။ ဟဲလို...ဟုတ်ကဲ့...အခုပြောနေတာ ကျွန်တော်လားဟင် (လူရွှင်တော်လေသံနဲ့)။ နားထဲမှာလည်း ဂျစ် ဂျစ် ဂျစ် ဂျစ်နဲ့ ကြောင်တစ်ကောင်ဝင်ကုတ်နေတာလား။ ဒါမှမဟုတ် ဖုန်းလိုင်းမမိတာလား။ နားမှာယားတယ်။ နှာဆက်ချေတယ်။ ဟတ်...ချိုး...ဘုရား...ဘုရား...။ မင်းကိုကိုယ်ချစ်မိတယ်။ ကောင်းလေစွ။ ဘာမှလည်းမဆိုင်ဘူး။ မှတ်ပုံတင်ကပျောက်သွားပြန်ပြီ။ နောက်တစ်ခါ မှတ်ပုံတင်ရဲ့ဂဏန်းကို ၁၅၀၀လို့ပြောင်းရေးခိုင်းပြီး မင်းကိုပြရဦးမယ်။ ခွေးလေခွေးလွင့်တွေတော့ဟောင်နေမှာပဲနော်။ ဂရုမစိုက်ပါနဲ့။ မင်းကလည်း မခင်မမင်နဲ့ ရယ်နေဦးမှာပါပဲလေ။ အင်း ဟုတ်တယ်။ အဲဒီ အရယ်၊ ရယ်မောခြင်း။ မင်းကိုဘယ်အချိန်ကြည့်ကြည့် အရယ်အမောတွေတစ်တောင်လုံးပြိုကျနေသလို မမောမပန်းဘဲလှတယ်။ နည်းနည်းလောက် ကိုယ့်ကိုချေးပါလားကွယ်။ ဒီကောင်ကဘယ်လိုနှိုးနှိုး မရွေ့တော့ဘူး။ 


 



နှလုံးသားသံပတ်ပျက်နေတာကြာပြီလေ။ လက်ညှိုးညွှန်ရာ ရွာသာကြီးပဲဖြစ်တော့မယ်ထင်တယ်။ မြေလွတ်မြေရိုင်းလို အစကနေအဆုံး ကိုယ့်ကိုမင်းကြိုက်သလိုပျိုးပါ။ ကိုယ်ဟာ စစ်အတွင်းကဗုံးတစ်လုံးဖြစ်မယ်ဆိုရင်တောင်မှ မင်းကို စနက်တံလေးအဖြစ်နဲ့ အန္တရာယ်ကင်းရာမှာ ဖြုတ်ချကျန်ရစ်စေခဲ့မယ်။ ကိုယ့်တစ်ဘဝလုံးလွင့်စဉ်ကွဲကြေသွားစမ်းပါစေကွယ်။ ဘုရားရှိခိုးအမျှဝေပေးမယ့် မင်းရဲ့အသံလေးမှာ ကိုယ့်နာမည်ကြားလိုက်မိရုံနဲ့ပဲ ဆိုင်ရာပိုင်ရာတွေကို တောင်းပန်ပြီး လူအဖြစ်မြန်မြန်ပြန်ဝင်စားမယ်။ နောက်ပြီးမင်းကို ကိုယ်ဆက်ချစ်မယ်။ အဲဒီအခါကျတော့ မမနဲ့မောင်လေးပေါ့ကွယ်။ တရားပါတယ်။ လောလောဆယ် ဖိနပ်စုတ်လေးကို ထည်ထည်ဝါဝါချွတ်ပြီး ရွှေတိဂုံဘုရားကို ခမ်းခမ်းနားနားဖူးကြမယ်။ လေဆန်ရေဆန်မှာ လိုက်ရဲတယ်ဆိုရင် ကိုယ်ကျောပိုးပြီးခေါ်ပါ့မယ်။ ခုတော့ မင်းရဲ့မျက်ကြည်လွှာရဲ့ရာဇဝင်လေးကို မကြောက်မရွံ့ အလွတ်ရအောင်ငေးနေတယ်။ မင်းကတော့ ထမင်းဆိုင်လေးအတွက် အပြုံးနဲ့ရောင်းချရင်း ဈေးဝယ်သူတွေကို ငေးလို့ပေါ့။ ဒါပဲလေ။ တစ်စုံတစ်ရာကိုဖြစ်ဖြစ် ငေးမောခြင်းမှာသစ္စာရှိရမယ်လေ။ ကိုယ်တို့မှမဟုတ်ဘူး။ သမ္မတကြီးလည်း ငေးတာပဲ။ ပြည်သူတွေဆီ စက္ကန့်မလပ်ငေးကြည့်နေတာလေ။ နဖူးနည်းနည်းပြောင်တာတော့ အပြစ်မပြောနဲ့လေနော် ညီမလေး။ သူ့မှာလည်း အပူတွေတော်တော်များနေလောက်ပြီလေ။ ဆင်ဆာဆိုတာမျိုးက ဆင်ရဲ့အစာလိုကြံတစ်စည်းလောက်နဲ့တင် ပြီးတာမှမဟုတ်ဘဲ။ မယုံရင်ဂျာနယ်ဝယ်ဖတ်ကြည့်လေ။ ဒီမိုကရေစီဆိုတာ တစ်ရာတည်းရယ်။ ကြားဖူးမှာပါ။ ကားတွေတအားကျပ်တဲ့အခါ လမ်းမကြီးတစ်ခုလုံးမစောင့်နိုင်ဘဲ မောင်းသွားသလိုပေါ့။ သိပ်ခက်ခဲတယ်။ စနိုက်ပါသေနတ်လို။ စနှိုးဝှိုက်တော့မဟုတ်ဘူး။ ဖိုးသူတော်ဝတ်စုံလိုပဲ ဝတ်နေရမယ်။ အဲ...အဲ...အဲ...ပြောရင်းဆိုရင်းနေပြည်တော်နားရောက်လာပြန်ပြီ။ ပြန်ကွေ့ရမယ်လေ။ အလည်မသွားချင်ပါဘူး။ ရန်ကုန်မှာ အိမ်ပိုင်ယာပိုင်မရှိပေမယ့် ခြေသုတ်ခုံလေးကို ဖိနပ်လုပ်ပြီးစီးထားတယ်။ အဲဒါဆိုတော့ ဘယ်လမ်းဝင်ဝင် ဘယ်လမ်းထွက်ထွက် ခြေဦးတည့်ရာ ကိုယ့်အိမ်ပဲ။ ဖိနပ်မပျောက်မချင်း အိမ်ပိုင်ယာပိုင်ပေ့ါ။ အဲဒီလိုတွေးခေါ်ဖူးတယ်။ ဟိုးမှာ တွေ့လား။ အဲဒီရပ်ကွက်လူကြီးက ရေမိုးမချိုးရသေးတဲ့မျက်လုံးနဲ့ကိုယ့်ကို မသင်္ကာသလိုကြည့်တယ်။ ထောက်ခံစာပေးလို့မရဘူးတဲ့။ တစ်ခုခုတော့ တစ်ခုခုပဲ။ ဘာဆာနေသလဲတော့ မသိဘူး။ အဆင်ပြေသွားမှာပါလေ။ သူ့မှာရန်ကုန်လမ်းညွှန်ရှိလောက်ပါတယ်။ ဒီမယ် ဝန်ကြီးတွေစီးသွားတဲ့ကားအကောင်းစားတွေကို လျှောက်ငေးမနေပါနဲ့။ လောလောဆယ် ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းက အရေးကြီးတယ်။ နောက်ပြီး ရေနွေးလိုက်ပွဲပေးပါဦး။ ကျွန်တော်ကပြေးနေတာမဟုတ်ပါဘူး။ ဘေးဝိုင်းကလူတွေဆူလွန်းလို့ ကျွန်တော့်အသံကိုဖမ်းမမိတာဖြစ်ပါလိမ့်မယ်။ အသွင်ပြောင်းသွားတဲ့ပုံစံလိုကျွန်တော်ပုဆိုးမဝတ်တတ်ဝတ်တတ်နဲ့ ဝတ်နေတာ လိမ္မာလာတာမဟုတ်ပါဘူး။ ဘောင်းဘီတစ်ထည်မှ မရှိတော့လို့ပါ။ ကဲပါ ပြန်ကွေ့ကြပါဦးစို့။ လင်းလင်းချင်းချင်း မနေတတ်တော့တာ အပြစ်တော့မဟုတ်ပါဘူး။ ခဏခဏ မှောင်နေတာကြာပြီလေ။ ချစ်ကြောင်းကြိုက်ကြောင်းပဲပြောနေပါတယ်ဆိုနေမှ။ သံတိုင်ကြားကမောင့်မျက်နှာ ဇာတ်ကားကို မင်းသားလုပ်ပြီး ကိုယ့်ကိုရိုက်ခိုင်းချင်တာလား။ ဒါမှမဟုတ် ခြောက်ပေါက်ထဲကအလွမ်း။ ဒါမှမဟုတ် တိုက်ပိတ်ထဲက ကိုကို့ကဗျာလား။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ နောက်ဆို ဆီသန့်သန့်နဲ့ကြော်နော်။ တံတွေးတွေစင်လို့ပါ။ ကျွန်တော် ဘာဆိုဘာမှနားမလည်ပါဘူး။ ညီမလေးရေ ချစ်ကြောင်းကြိုက်ကြောင်းပဲ ကိုယ်ဆက်ပြောမယ်နော်။ မင်းတအားလှတယ်သိလား။ စကားလုံးရှာမရအောင်လှတယ်။ ဒါနဲ့များ ကိုယ့်ကိုတချို့က စကားလုံးတွေထပ်တယ်ထပ်တယ်နဲ့။ ဘယ်သူကများ ကိုယ်ပိုင်စကားလုံးတွေနဲ့ တိုက်ဘယ်နှထပ်မြင့်အောင်တည်ခဲ့ဖူးသလဲပြော။ အင်းပါ ဒါတွေထားလိုက်ပါတော့။ မင်းနှုတ်ခမ်းလေးနဲ့ နှင်းဆီဖူး ညီအစ်မဘယ်နှဝမ်းကွဲတော်သလဲဟင်။ ကိုယ့်မှာ ဖုန်းဘီလ်ဘယ်လောက်ရှိသလဲထပ်မမေးနဲ့နော်။ ဖက်နမ်းမိလိမ့်မယ်။ ပုဒ်မဘယ်လောက်နဲ့ ငြိစွန်းသလဲတော့ ကိုယ့်အသိရှေ့နေကိုကြည်တင့်ကိုခေါ်ခဲ့မယ်လေ။ စကားမစပ် နားကွင်းလေးနဲ့ သိပ်လိုက်တာပဲကွယ်။ သူ့ကိုတော့ ပုစွန်ဟင်းနဲ့ထမင်းတစ်ပွဲပြင်ပေးလိုက်နော်။ ကိုယ်တော့ အေးအေးလူလူဖြစ်သွားအောင် ရေနွေးပဲမှုတ်သောက်နေပါ့မယ်။ ကိုယ်ကမိုးခေါင်နေတာကြာပြီလေ။ ဒါပေမဲ့ မင်းရဲ့မျက်ဝန်းကဗျာကိုချစ်ခဲ့ခြင်းက ရွာရန်ရွာနှုန်း ၁၀၀%။ ဒါလည်း တရားပါတယ်ကွယ်။ ကိုလင်းသဏ်ညီဆွဲပေးသွားတဲ့ ကိုယ့်ရဲ့ပုံတူလေးဟာ သိပ်ပိန်တာပဲ။ ကိုညီကျွန်တော့်ကို ဆုံးမပါဦးဆိုတော့ ပြောလို့လည်းမရဘူးဆိုတော့ နားအုံရိုက်ဖို့ပဲရှိတော့တယ်ပြောတယ်။ လူ့ချဉ်ဖတ်ဖြစ်အောင်မနေနဲ့လို့ပြောပြီး ပိုက်ဆံငါးထောင်ချေးပေးလိုက်တယ်။ ဒီတစ်ခါလည်း ပြန်ဆပ်ရင် အစ်ကိုက ယူမယ်မထင်ဘူး။ အဲဒါလည်း တရားပါတယ်။ မဝယ်နိုင်ဘဲနဲ့ စာအုပ်အဟောင်းဆိုင်ကို ငေးတာလေးကအစ။ ရှန်ဂရီလာဟိုတယ်ကို ကိုယ်ငုံ့ကြည့်လို့မဖြစ်နိုင်တာအဆုံး တရားပါတယ်။ အဲဒါကြောင့်ပဲ မဆီမဆိုင် မင်းကိုကိုယ်ချစ်မိတယ်။ ကိုယ့်ရထားလက်မှတ်လေး ဒိတ်လွန်သွားပြီ။ ဒါပေမဲ့ မင်းနဲ့အတူလာခဲ့မှ စီးခွင့်ပေးမယ်လို့ ရုံပိုင်ကပြောတယ်။ မဝယ်စားဖူးတဲ့ဂုံးတံတားပေါ်က ဖရဲသီးစိတ်လေးတွေ ချိုမြဲချိုနေဦးမှာပါ။ မင်းနှုတ်ခမ်းလေးနဲ့စားရင်လေ။ ဘာထူးသေးလဲ။ အဲလ်ကွန်းကို လွမ်းနေတဲ့ရုပ်ရှင်လက်မှတ်ဟောင်းလေးနှစ်ရွက်ကကော အားလုံးက ပြောကြပါတယ်။ အမဲအူပြုတ်သောက်ရင်အားရှိတယ်တဲ့။ ဒေါက်တာဝိုင်ချိုပြောမှ သတိရတယ်။ သူရယ်ကိုယ်ရယ်တစ်ယောက်တစ်ပွဲစီဆိုတော့ မရှိမဲ့ရှိမဲ့ ကိုယ်တစ်ထောင်ကုန်သွားတာပေါ့။ ပိုက်ဆံငါးရာရှိတဲ့အခါ ကိုယ်အဲဒီဆိုင်လေးကို ပြေးတော့တာပဲ။ မင်းကိုချစ်ပေမယ့် မင်းတို့ဆိုင်က မခူးရသေးတဲ့ထမင်းပွဲလေးက ကိုယ့်ကိုအော်ပြောတယ်။ ရှစ်ရာတဲ့။ ဒီတစ်ခါလည်း ကိုယ်ဖျားသွားတာခွင့်လွှတ်ပေးပါ။မင်းတို့ဆိုင်မှာစားသုံးသွားသူတွေရဲ့ထမင်းကျန်ဟင်းကျန်လောက်မှ အဖိုးမတန်တဲ့သူပါကွယ်။ တွံတေးသိန်းတန်တို့မြို့ကလာခဲ့တဲ့ညီမလေးရေ။ ထွေးညိုသီချင်းလေးနဲ့ကိုယ့်ကို တရားဟောပေးပါလား။ အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရတယ်လို့လေ။ အဆွေးပျောက်မပျောက်တော့မသိဘူး။ ဖိနပ်ပျောက်တော့ပိုဆွေးမိတာပဲ။ ခြေသုတ်ခုံလေးနဲ့ ချုပ်ထားတဲ့ဖိနပ်ပျောက်သွားတော့ ရန်ကုန်မှာ အိုးပိုင်အိမ်ပိုင်မရှိတဲ့ကိုယ်လေ ၃၈လမ်းမင်းတို့ဆိုင်ဘေးက လက်ဖက်ရည်ဆိုင်လေးရောက်တိုင်း ကိုယ့်အိမ်ကိုယ့်ယာရောက်နေသလို ရေနွေးတွေတစ်ခွက်ပြီးတစ်ခွက် တစ်နေကုန်သောက်နေမိတော့တာပဲ။ ဟိုတစ်လောကတောင် ဆရာသစ္စာနီထမင်းစားခါနီးကိုယ်ရောက်သွားတယ်။ စားပြီးပြီလားတဲ့ ကိုယ့်ကိုမေးတယ်။ မစားရသေးဘူးဆရာဆိုတော့ ကိုယ့်ကိုသနားလို့ထင်ပါတယ်။ နေ့လယ်စာထမင်းကျွေးသွားသေးတယ်။ ကြက်သားဖတ်ကိုဇွန်းနဲ့ဖဲ့နေရင်း ထမင်းမကုန်ခင် ဆရာသစ္စာနီရဲ့ပန်းကန်လေး ကျကွဲသွားသေးတာမှတ်မိသေးလား။ ဆရာ့ကိုထမင်းအလွတ်ပြန်မှာပါဦးလို့ ပြောတာလည်း မရဘူး။ ပိုက်ဆံရှင်းတော့ ပန်းကန်ဖိုးပါထည့်ယူလိုက်သမီးတဲ့။ ကျသင့်ငွေကို မင်းလာယူတဲ့အခါ ရုပ်တည်လေးကို ကိုယ်ကတိတ်ဆိတ်စွာပဲကော်ထိုင်ခုံလေးကနေ ကြည့်ငေးရင်း ရင်ထဲမှာကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ရေးနေတယ်။ ကြုံတဲ့အခါ မင်းကိုဖတ်ခိုင်းမယ်လေ။ တစ်ခါတလေ ကိုယ်မူးနောက်ရီဝေပြီး မင်းတို့ဆိုင်ရှေ့က ဖြတ်လျှောက်မိတဲ့အခါ(ဘယ်လိုမှလည်း နေမှာမဟုတ်ပါဘူး ကိုယ်စိတ်ချမ်းသာအောင်ပြောကြည့်တာပါ။) မျက်စောင်း တစ်ချက်လောက်တော့ထိုးခဲ့ဖူးမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မင်းရဲ့ကိုယ်သင်းနံ့လေးနဲ့ ပြည်ဝင်ခွင့်ပေးမှ ကိုယ့်ချစ်ခြင်းအက္ခရာက အ,သုံးလုံးကျေမှာမို့ပါ။

ကမ္ဘာကြီးပူနွေးလာတာသေချာလားလို့အိမ်ပေါက်စေ့လိုက်ပြီး တံခါးခေါက်မေးနေစရာမလိုတာကြာပြီ။ ထို့နောက် လမ်းများများလျှောက်သင့်တာကြာပြီ။ စာအုပ်စာပေတွေထဲက ဝိညာဉ်ပေါင်းမြောက်မြားစွာနှင့်ဘီယာဆိုင်အတူထိုင်ရဦးမည်။ ရန်ကုန်မြို့ကြီးကတစ်တပ်လုံး ကျွန်တော့်မှာက ပိုက်ဆံသုံးရာတည်းရယ် ဘယ်မျဉ်းကြားကကူးရမလဲ။ အဲဒီကဗျာရေးပြီးနောက်ပိုင်းနေ့ခင်းကြောင်တောင် တစ္ဆေကြောက်လာပါတော့သည်။ လိုင်းညွန်ဆိုင်းဘုတ်များ၊ ပလပ်စတစ်ကောက်သူများ၊ ခိုးကူးခွေများ၊ အပြာစာအုပ်များ၊ ထပ်၍ထပ်၍ ပိုအပြာများ၊ ကဗျာတွေရေးပြီး ကဗျာမစစ်သူတွေနဲ့ ပခုံးချင်းတိုက်မိမှာလည်း အားနာလှပါသည်။ အမေ့အတွက်စံပယ်တစ်ပွင့်တည်းပါလာ၍ အဲဒီစင်ရော်တောင်မျက်ခုံးမွေးနားမှာ ကျွန်တော်စီးလာသည့် Taxi မရပ်ခိုင်းတော့ပါ။ လက်ထဲကိုင်ထားသည့် အချိန်တန်လျှင်ပျော်ကျမည့် ရေခဲတုံးလေးသည် မိဘမဲ့လေးလား။ ကျွန်တော်မေးကြည့်သောအခါ သူမဖြေပါ။ လောကမှာမပျော်ချင်သူများထဲတွင် ထိုရေခဲတုံးလေးကထိပ်ဆုံးမှပါလိမ့်မည်။ သနားလွန်း၍ ရေခဲသေတ္တာထဲတွင် နားနားနေနေပြန်အိပ်ခိုင်းထားလိုက်သည်။ ပိရမစ်ထဲ၌ ဘုရင်တွေခန့်ခန့်ထည်ထည် အိပ်နေပုံမျိုး။ ကျွန်တော်လည်း အမေ့ဆီဖုန်းဆက်ရဦးမည်။ ဒီတစ်ပတ်ဘာဂဏန်းထွက်သွားသလဲ လာမပြောကြပါနှင့်။ ကျွန်တော့်အမေဘုရားရှိခိုးနေပါသည်။ ထို့နောက် ကျွန်တော့်အတွက်မေတ္တာပို့ပေးဦးမည်။ ထိုမေတ္တာဓာတ်ကြောင့်ပဲ ကျွန်တော့်မှာ ခွေးရူးကိုက်၍ မသေ။ အဆိပ်တိုက်လို့လည်း မသေ။ နာနာဘာဝတွေ မြှောက်ပင့်ခေါ်ဆောင်ခြင်းကြောင့်လည်း သေရွာမရောက်ခဲ့။ ရေနွေးဓာတ်ဘူး တစ်ဘူးပေးပါဦး။ ကျွန်တော့်ကဗျာတွေစာတွေကို ဘယ်လိုသဘောရပါသလဲဆိုတော့ သူမေ့မျောသွားပါသည်။ ထို့နောက် ဟေးလားဝါးလားနောက်ပြောင်ရင်း ဘယ်ဆီဘယ်ဝယ်မသိ ထွက်သွားလေတော့သည်။ ထိုသူအောင်မှတ်မရ။ ကျွန်တော်သာကျရှုံးသွားသည်။ မင်နီများ၊ ကောင်းရောင်းကောင်းဝယ်များ၊ ဗေဒင်များ၊ ယတြာများ။ ခေါင်းလောင်းလေးတွေမြည်နေပြီ။ ခေါင်းလောင်းကြီးခြင်းသေးခြင်းသည် အဓိကမဟုတ်ပါ။ ယုံကြည်သက်ဝင်စိတ်နှင့် ဆုတောင်းထိုးခွင့်ရလျှင် ဘယ်လောက်သေးသေး ဘာဝနာပွား၍ရပါသည်။ သစ္စာတရားနှင့်ခေါင်းလောင်ထိုးတံကို ကိုင်ပါ။ ပြီးနောက် ယုံယုံကြည်ကြည်ဆုပန်ပါ။ စကားမစပ် နဂါးနှင့်ကျွန်တော်သည် သူငယ်ချင်းဖြစ်ပါသည်။ မယုံမရှိကြပါနှင့်။ အဲဒီကောင်က ကဗျာလည်းရေးပါသည်။ စကားသိပ်မပီရုံမှလွဲ၍ ခုထက်ထိ ကြယ်စင်ရောင်(ဘူမိ) ဖြစ်နေတုန်းပင်။ သီချင်းရေးသည်။ ဂီတစာဆိုဟုလွှမ်းပိုင်မပြောခင်ကတည်းက ဂီတကိုစာလိုဆိုတတ်၍သူ့ကိုဂီတစာဆိုဟု ကျွန်တော်တို့ချစ်စနိုးနှင့်စခဲ့ဖူးသည်။ နောက်ပြီး ဆောင်းပါးရေးသည်။ ဝတ္ထုရေးသည်။ တစ်ခါတစ်ခါ သူအမူးလွန်လာသောအခါ ကျွန်တော်တို့နာမည်တွေခေါ်ခေါ်ပြီးငို၏။ မသေသေးသော်လည်း လွမ်းလွန်းလို့တဲ့။ ဂီတဂုဏ်ဆောင်ရဲရင့်အောင်မဟုတ်ပါ။ နဂါးသာဖြစ်ပါသည်။ ထို့ကြောင့် နဂါးနှင့်ကျွန်တော်သူငယ်ချင်းတော်ပါသည်။ စံပယ်ရွာသူလေးရယ် မဆီမဆိုင် နဂါးကိုမတွေ့ချင်ပါနဲ့။ ဒီကောင်က ယာဉ်မောင်းကြမ်းတယ်။ ခဏခဏလျော်ရတယ်လို့ကြားတယ်။ မစခင်ကတည်းကပြောထားရဲ့သားနဲ့ စံပယ်ရွာသူလေးနဲ့မဆီမဆိုင်ပါလို့ ထိုင်နေတာလည်းကြာပြီ။ ကိုယ်လည်းပြန်တော့မယ်။


မိုဃ်းဇက်သော်

၂၉.၈.၂၀၁၄

ကလေးမြို့ရသစုံဂျာနယ်၊ ၂၀၁၅